Thalassemia ရောဂါအကြောင်း
မွေးရာပါ သွေးနဲ့ပတ်သက်တဲ့ရောဂါအမျိုးအစားဖြစ်တဲ့ Thalassemia မှာ Haemoglobin (ခေါ်) သွေးနီဥထဲမှာ အောက်စီဂျင်ကို သယ်ဆောင်ပေးတဲ့၊ သံဓာတ်(Iron) ပါဝင်တဲ့ Protein(အသားဓာတ်)ပမာဏ ပုံမှန်ထပ် လျော့နည်းနေပါတယ်။ Haemoglobin မရှိရင် သွေးနီဥတွေဟာ အောက်စီဂျင်ကို ခန္ဓာကိုယ်ဆဲလ်တွေဆီကို မပို့ဆောင်ပေးနိုင်တော့ပါ။ ဒါဆိုရင် သွေးအားနည်းတာ၊ မောပန်းလွယ်တာတွေ ဖြစ်ရပါတယ်။
Symptom & Types
လက္ခဏာတွေမှာ
Thalassemia အမျိုးအစားနဲ့ ပြင်းထန်ပုံပေါ် မူတည်ပြီး လက္ခဏာရပ်တွေဟာ အနည်းငယ် ကွာဟနိုင်ပါတယ်။
- မောပန်းလွယ်တယ်
- အားနည်းတယ်
- အသားအရည်ဟာ ဖြူဖတ်ဖြူရော် (သို့) ဝါကြင့်ကြင့် ဖြစ်နေတတ်တယ်
- မျက်နှာအရိုးတွေမှာ ပုံပန်းမကျ၊ ရုပ်ရည်ပြောင်းလာတာမျိုးတွေ ဖြစ်တတ်တယ်
- ဗိုက်ဖောင်းကားနေတတ်တယ်
- ခန္ဓာကိုယ်ကြီးထွားမှု နှေးတယ်
- ဆီးအရောင်ရင့်မယ်
တချို့ကလေးငယ်တွေမှာ မွေးကတည်းက Thalassemia လက္ခဏာတွေ ပါလာတတ်ပြီး တချို့ကတော့ အသက် နှစ်နှစ်အရွယ်မှာ ပေါ်လာတတ်ပါတယ်။ တချို့လူတွေမှာတော့ လက္ခဏာမပြတတ်ပါ။
Cause Overview
Thalassemia ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်း
ခန္ဓာကိုယ်အနှံ့မှာ အောက်စီဂျင်သယ်ပေးနေတဲ့ သွေးနီဥတွင်းက Haemoglobin Protein ကို ပြုလုပ်တည်ဆောက်တဲ့ DNA မျိုးရိုးဗီဇမှာ သန္ဓေပြောင်းလဲတဲ့အခါ Thalassemia လို့ခေါ်တဲ့ ရောဂါဆိုတာ ဖြစ်လာပါတယ်။ ဒီ ဇီဝပြောင်းလဲခြင်းဟာ မိဘမှ သားသမီးဆီကိုလည်း လက်ဆင့်ကမ်း ပါလာတတ်ပါတယ်။
Hemoglobin မော်လီကျူးမှာ alpha chain နဲ့ beta chain ဆိုတဲ့ ချိတ်နှစ်ချိတ် ပိုင်ဆိုင်တယ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဗီဇသန္ဓေပြောင်းလဲခြင်းကြောင့် Alpha chain ကို မထုတ်လုပ်ပေးနိုင်တဲ့အခါ Alpha Thalassemia လို့ သတ်မှတ်ပြီး Beta chain ကို မတည်ဆောက်ပေးနိုင်ရင် Beta Thalassemia လို့ နာမည်တပ်လိုက်ပါတယ်။ ဗီဇသန္ဓေပြောင်းလဲတဲ့ မှားယွင်းတဲ့ DNA များလေ၊ရောဂါအခြေအနေပြင်းထန်လေလို့ ဆိုနိုင်ပါတယ်။
Alpha Thalassemia
Alpha Haemoglobin chain မှာ ဗီဇ(Gene) လေးခုနဲ့ ဖွဲ့စည်းထားပါတယ်။ နှစ်ခုက မိဘဆီမှ အမွေရရှိတာ ဖြစ်ပါတယ်။ အကယ်၍ Thalassemia ရောဂါရှိတဲ့ မိဘဆီကနေ သန္ဓေပြောင်းဗီဇတစ်ခု(one mutated gene)သာ အမွေရခဲ့ရင် သား၊သမီးမှာ လက္ခဏာရပ်တွေ မရှိပါ။ ဒါပေမဲ့ သား၊သမီးဟာ carrier ဖြစ်ခဲ့ပြီး မြေးဆီကို လက်ဆင့်ကမ်းနိုင်ပါသေးတယ်။ သန္ဓေပြောင်းဗီဇနှစ်ခု (Two mutated gene )ကို ရရှိထားရင် လက္ခဏာအပျော့စားတွေ ပြသတတ်ပါတယ်။ သန္ဓေပြောင်းဗီဇသုံးခု (Three mutated gene) ဆိုရင်တော့ လက္ခဏာတွေဟာ အသင့်အတင့်မှ ပြင်းထန်အထိ ဖြစ်နိုင်ပါတယ်။ လေးခုလုံး သန္ဓေပြောင်း မှားယွင်းတဲ့ဖြစ်စဉ်က ရှားပါတယ်။ ဖြစ်ခဲ့ရင် ကလေးဟာ ဗိုက်ထဲမှာပဲ အသက်ဆုံးတာ၊ မွေးပြီး ခဏမှာပဲ သေတာ၊ ဘဝတစ်လျှောက်လုံး သွေးသွင်းနေရတာ၊ stem cell အစားထိုးကုသတာတွေ ပြုလုပ်ရပါတယ်။
Beta Thalassemia
Beta Haemoglobin မှာတော့ ဗီဇ(Gene) နှစ်ခုပါရှိပါတယ်။ တစ်ခုက မိဘထံမှ ဆင်းသက်မှာ ဖြစ်ပါတယ်။ သန္ဓေပြောင်းဗီဇတစ်ခုကို အမွေရရင် လက္ခဏာရပ်အပျော့စားတွေ ဖြစ်ပွားတတ်ပါတယ်။ Thalassemia minor (သို့) BetaThalassemia လို့ခေါ်ပါတယ်။ သန္ဓေပြောင်းဗီဇနှစ်ခုကို အမွေရရင် အသင့်အတင့်မှ ပြင်းထန်တဲ့ လက္ခဏာတွေ ပြတတ်ကာ Thalassemia Major လို့ခေါ်ပါတယ်။ သွေဖယ်တဲ့ သန္ဓေပြောင်းဗီဇနှစ်ခုနဲ့ မွေးလာတဲ့ ကလေးဟာ အများအားဖြင့် ကျန်းကျန်းမာမာ မွေးလာနိုင်ပြီး အသက်နှစ်နှစ် အရွယ်မှာ လက္ခဏာစပြတတ်ပါတယ်။ မပျော့မပြင်းအခြေအနေ Thalassemia intermedia မှာလည်း သန္ဓေပြောင်းဗီဇနှစ်ခု ပါရှိတတ်ပါတယ်။
Living & Managing
Thalassemia ရဲ့ နောက်ဆက်တွဲများ
- သွေးမကြာခဏ သွင်းရတဲ့အတွက် သံဓာတ်များ ကိုယ်တွင်းအင်္ဂါတွေမှာ စုပုံပြီးထိခိုက်ပျက်စီးနိုင်ခြင်း
- ရောဂါပိုး ကူးစက်နိုင်ချေများခြင်း
- အရိုးတွေရဲ့ တည်ဆောက်ပုံ(အထူးသဖြင့် မျက်နှာနဲ့ ဦးခေါင်းခွံ အရိုးများ)ကို မူမမှန်ဖြစ်စေကာ အရိုးတွေကားလာကာ မျက်နှာကျ သွင်ပြင်ပြောင်းလာပါတယ်။ ဒါ့အပြင် ကြွပ်ဆပ်ပါးလာကာ ကျိုးလွယ်လာပါတယ်။
- ဘေလုံးကြီးလာခြင်း (မကြာခဏ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ရတဲ့အပြင် အပျက်အစီးများတဲ့ သွေးဆဲလ်တွေကို ရှင်းထုတ်ရတဲ့အတွက် ဖြစ်ပါတယ်)
- ကြီးထွားမှု နှေးခြင်း
- နှလုံးရောဂါပြသာနာများ
Support & Resources
ကုသပုံ
ပျော့တဲ့ Thalassemia အမျိုးအစားမှာ ကုသမှု ခံယူစရာမလိုပါ။ လက္ခဏာပြင်းထန်ရင်တော့ သွေးမကြာခဏသွင်းပေးရတာမျိုး လိုအပ်နိုင်ပါတယ်။ သွေးအားနည်း မောပန်းလွယ်တတ်တဲ့ ကိုယ့်အခြေအနေကို အစားကောင်းကောင်းစား၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ရပါတယ်။
ကာကွယ်ပုံ
အများစု Thalassemia ဖြစ်စဉ်တွေဟာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ မရပါ။ ကျန်းမာရေးအဆင့်မြင့်တဲ့နိုင်ငံတွေမှာတော့ မိမိမှာ Thalassemia ဗီဇရှိခဲ့ရင် ကလေးမယူခင် မျိုရိုးဗီဇဆိုင်ရာ ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါတယ်။ အမျိုးသမီးရဲ့သားဥနဲ့ အမျိုးသားရဲ့ သုတ်တို့ကို ဓာတ်ခွဲခန်းမှာ သားအိမ်ပြင်ပသားအောင်စေတဲ့နည်းလမ်းနဲ့ ရလာတဲ့သားလောင်းမှာ မှားယွင်းတဲ့ဗီဇ ပါ/မပါ စမ်းသပ်ပြီးမှ Thalassemia gene မပါဘူးဆိုရင် သားအိမ်ထဲ ထည့်ပေးကာ ကလေးရယူစေပါတယ်။
Dr. May Myat Tun